Bitcoin နှင့် ပုံတူ coin များ အကြောင်း


Crypto Currency ဖြစ်ကြတဲ့ Bitcoin/Litecoin/Dogecoin အစရှိတဲ့ Currency တွေအကြောင်း အကျဉ်းချုံး ရှင်းလင်းချက် ဖြစ်ပါတယ်။ ဆောင်းပါးရဲ့ ရည်ရွယ်ရင်းဟာ ဒီ Crypto Currency တွေမှာ မြန်မာနိုင်ငံသားတွေ ရင်းနှီးမြှုပ်နှံဖို့ မသင့်တော်တဲ့အပြင် ဥပဒေနဲ့ငြိစွန်းကြောင်း အသိပေးလိုရင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးကို Crypto Currency ကို ရင်းနှီးမြှုပ်နှံမှုကို ဆန့်ကျင်တဲ့ Page များ၊ Group များမှာသော်၎င်း၊ လူပုဂ္ဂိုလ်တစ်ဦးချင်းစီသော်၎င်း ဆောင်းပါးအပြည့်အစုံကို ဖော်ပြပြီး အခမဲ့ လွတ်လပ်စွာ မျှဝေနိုင်ပါတယ်။ ဒါပေမယ့် တစ်စိတ်တစ်ပိုင်းကိုပဲ မိမိလိုသလို ပုံဖျက်ကာ ဖြတ်တောက်ကူးယူခြင်းကိုသော်၎င်း၊ Crypto Currency ရောင်းဝယ်ခြင်း၊ လဲလှယ်ခြင်း၊ တစ်နည်းနည်းဖြင့် အသုံးချခြင်း၊ လက်လွှဲခြင်းတို့ကို မြှင့်တင်ရန်၊ ကြော်ငြာရန်အတွက် အသုံးပြုခြင်းကိုသော်၎င်း လုံးဝ(လုံးဝ) ခွင့်မပြုတဲ့အပြင် တားမြစ်ချက်ကို ဖောက်ဖျက်ပါက တည်ဆဲမူပိုင်ခွင့် ဥပဒေများနဲ့အညီ တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်။

=========

Crypto Currency နောက်ခံသမိုင်း၊ အလုပ်လုပ်ပုံ၊ အနာဂတ်အလားအလာ : ပြည်တွင်းရင်းနှီးမြှုပ်နှံသူတို့ လက်ရှောင်နေသင့်သည့် အကြောင်းအရင်း

.

ဆောင်းပါးမစခင် အရေးပိုကြီးတာလေး နည်းနည်းပြောဦးမယ်။ Bitcoin သည် မကောင်းဘူး။ ရင်းနှီးမြှုပ်နှံသင့်တဲ့ ကိစ္စတစ်ခု မဟုတ်ဘူး။ ဒါပေမယ့် Bitcoin သည် ခိုင်မာမှုအများကြီး ရှိသေးတယ်။ ပြောချင်တာက Bitcoin ဟာ ကမ္ဘာပေါ်မှာ သီးခြားဖြစ်တဲ့ ပွင့်လင်းမြင်သာမှု ရှိတဲ့ လုပ်ငန်းစုကြီးတွေ အများကြီး ပါဝင်ဆောင်ရွက်နေကြတဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတစ်ခုဖြစ်တယ်။ ကွန်မြူနစ်စနစ်လိုပေါ့။ လက်တွေ့အလုပ်ဖြစ်သလားဆိုရင် မဖြစ်ဘူး။ လူတန်းစားမဲ့ကမ္ဘာတို့၊ ပစ္စည်းမဲ့အာဏာရှင်စနစ်တို့ဟာ ဟောလို့ပြောလို့ ကောင်းသလောက် လက်တွေ့အလုပ်မဖြစ်ဘူး။ Bitcoin လည်း ဒီသဘောပဲ။ ဒါပေမယ့် ကွန်မြူနစ်စနစ်ကို နှစ်ပေါင်းများစွာ၊ လူတွေအများကြီး ယုံကြည်လက်ခံခဲ့ကြတယ်။ Bitcoin ကိုလည်း အနာဂတ်လို့ ထင်နေသူတွေ အများကြီးရှိတယ်။ သူကတော်သေးတယ်။ သူ့ထက်ဆိုးတာက ပွင့်လင်းမြင်သာမှုမရှိ၊ ဘာနည်းပညာမှာ မယ်မယ်ရရမရှိတဲ့ SCoin တို့၊ CoinSpace တို့၊ JCoin တို့၊ JCard တို့က ပိုဆိုးတယ်။ အမှန်တော့ ဒီ coin တွေက Crypto Currency မဟုတ်ဘူး။ ကိုယ့်စီက ငွေသားကို သူတို့ဆီက coin လို့ပြောတဲ့ point တွေနဲ့လဲပြီးတော့ Debit card ပုံစံမျိုး သုံးရတာပဲ။ Bitcoin နာမည်ထွက်လာတာကို အကြောင်းပြုပြီး ရောင်တော်ပြန်နဲ့ ရောလွှတ်တာပဲ။ ဒီဆောင်းပါးဟာ Crypto Currency တွေအကြောင်းပါ။ ဒီဇကောလောက်မှ ဇောက်မနက်တဲ့ လူလိမ် ဖိုးတွမ်တီတွေအကြောင်း မဟုတ်ပါဘူး။

.

Crypto Currency မှာ ကျွန်တော်တို့က နှစ်ပိုင်းခွဲပြောရမယ်။ Crypto နဲ့ Currency ပေါ့။ ဝှက်စာစနစ်နဲ့ ငွေကြေးဆိုပြီး နှစ်ပိုင်းပါ။ ငွေကြေးက အရင်စပြောမယ်။ အမှန်တော့ သမိုင်းဆိုင်ရာ အချက်အလက်တွေနဲ့ တိုက်ဆိုင်ပြီး ပြောနိုင်ပေမယ်လို့ ကျွန်တော်အချိန်မရလို့ နှစ်တွေလတွေ ထည့်မပြောတော့ဘူး။ နောက်အေးအေးဆေးဆေးရှိရင် ဒါတွေ အသေးစိတ်ပြောပါမယ်။

.

ငွေကြေးဆိုတာက ပထမဦးဆုံးအနေနဲ့တော့ ကုန်စည်ဖလှယ်မှုကနေလာတယ်။ ကုန်ပစ္စည်း A ကို ကုန်ပစ္စည်း B နဲ့ ဖလှယ်ဖို့ ကြိုးစားရာကနေ ငွေကြေးဆိုတာပေါ်လာတယ်။ အရင်က ပစ္စည်းချင်း ဒဲ့လဲကြတယ်။ ကိုယ်က ငါးဆိုရင် သူကနွားသားနဲ့ လဲမယ်ပေါ့။ ဒီမှာ ပြဿနာက လဲမယ့်ပစ္စည်းတွေက ကြာကြာမခံဘူး။ နောက်တစ်ခါ ကိုယ့်မှာရှိတဲ့ပစ္စည်းကို လိုချင်တဲ့သူကို လိုက်ရှာရတာ ခက်တဲ့အပြင် ကိုယ်လိုချင်တဲ့ပစ္စည်းက ဘယ်သူ့ဆီမှာ ရှိသလဲဆိုတာကို လိုက်ရှာရတာကလည်း ခက်တယ်။ အဲဒီနှစ်ခုဆုံဖို့က လူ့ပြည်အပ်တစ်စင်း၊ ဗြဟ္မာ့ပြည်အပ်တစ်စင်း ထိဖို့လိုဖြစ်နေတယ်။ အဲဒီတော့ ဘာလုပ်လဲဆိုတော့ အားလုံးအတွက် လိုအပ်တဲ့ပစ္စည်းမျိုးကို ကြားခံအနေနဲ့ သုံးကြတယ်။ အထူးသဖြင့် ပဲ၊ ပြောင်း၊ ဆန်၊ ဆားတို့လိုပေါ့။ ဒါအခုအချိန်အထိ လုပ်ကြတုန်းပဲ။ အညာဘက်တွေမှာဆိုရင် လုပ်အားခကို ပဲနဲ့ပေးတာ၊ စပါးနဲ့ပစ္စည်းဝယ်တာ လုပ်နေကြတုန်းပဲ။ ချင်းပြည်လို တောင်ပေါ်ဒေသတွေမှာ သူတို့ဆီက ပစ္စည်းကို ကျွန်တော်တို့ မြေပြန့်က လူတွေက သွားဝယ်ရင် ဆားနဲ့ဝယ်ရတယ်။ အဲဒီမှာလည်း ပြဿနာက အရင်ကလောက်တော့ သူ့ပစ္စည်း၊ ကိုယ့်ပစ္စည်း တည့်ဖို့မလိုတော့ပေမယ့်၊ ပစ္စည်းအရွယ်အစားက ကြီးနေတာ၊ ခွဲစိတ်ရခက်တာ၊ နောက်ကြာကြာမခံတာ အဲဒီလိုပြဿနာတွေ ရှိနေတုန်းပဲ။ အဲဒီမှာတင် ပစ္စည်းချင်းဖလှယ်တာထက် ပိုကောင်းတဲ့ တန်ဖိုးသတ်မှတ်ချက်ရှိတဲ့ အစားထိုးငွေကြေးကို ဖန်တီးလာတယ်။

.

စစချင်းမှာတော့ ရှားပါးတဲ့ ခရုခွံလေးတွေ ကျောက်ခဲပုံစံဆန်းဆန်းလေးတွေကို အစားထိုးသုံးတယ်။ ဘယ်လိုခရုခွံဆိုရင် ဘယ်လောက်တန်တယ်၊ ဘယ်လိုကျောက်တုံးပုံဆို ဘယ်လောက်တန်တယ်ပေါ့။ ဒါကလည်း ပြဿနာရှိတယ်။ ခရုခွံဆိုတာ ဘယ်နားကောက်ကောက်ရတယ်၊ ကျောက်တုံးဆိုတာ ဘယ်လိုလုပ်လုပ်ရတယ်။ တန်ဖိုးသတ်မှတ်ချက်က မသေချာဘူး။ နောက်တစ်ခုက လိုသလောက်ရဖို့ ခက်တယ်။ အဲဒီတော့ ဘာလုပ်လဲဆိုရင် အဖိုးတန်သတ္တုတွေကို ရှာပြီးတော့ မိုလောင်းပြီး သုံးကြတယ်။ သတ္ထုဖြစ်တဲ့အတွက် သယ်ရတာလွယ်တယ်၊ နည်းနည်းပဲသယ်ရတယ်။ ပျက်စီးသွားရင်လည်း မီးနဲ့အပူပေးပြီး ပြန်ပေါင်းလိုက်လို့ရတယ်။ ပုံစံမျိုးစုံလုပ်နိုင်တယ်။ ခွဲစိတ်ရလွယ်တယ်။ အဲဒီတော့ သတ္ထုကို နှစ်ပေါင်းများစွာ ငွေကြေးအဖြစ် သုံးခဲ့ကြတယ်။

.

ဒီမှာလည်း ပြဿနာရှိတာပဲ။ အဲဒါက ဘာလဲဆိုတော့ ရွှေပဲဖြစ်ဖြစ်၊ ငွေပဲဖြစ်ဖြစ်၊ ကြေးနီပဲဖြစ်ဖြစ် သူ့ချည်းသပ်သပ် အတုံးအခဲလုပ်ဖို့ခက်တယ်။ အဲဒီတော့ တခြားသတ္ထုတွေနဲ့ ရောရတယ်။ ရောလိုက်ရင် တန်ဖိုးကျသွားတယ်။ ဆိုတော့ ဘယ်လောက်ရောသင့်တယ်ဆိုတာကို သတ်မှတ်ပေးဖို့လိုလာတယ်။ အဲဒီမှာ အစိုးရရဲ့ ငွေကြေးဆိုင်ရာ မူဝါဒပေါ်လစီဆိုတာ ပထမဦးဆုံး စပေါ်လာတယ်။ အစိုးရကသာ တာဝန်ယူပြီး ရွှေဘယ်လောက်မှာ ကြေးဘယ်လောက်ရောသင့်တယ်ဆိုတာမျိုး သတ်မှတ်ပြီး ထုတ်လာတယ်။ နောက်ပိုင်းတော့ တံဆိပ်ရိုက်ပြီး အစိုးရရွှေဒင်္ဂါးလိုမျိုးတွေ ပေါ်လာတယ်။ အဲဒါတော်တော်ကြာတယ်။ ၁၈ ရာစုလောက်အထိ ဒီအတိုင်းသွားတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ကုန်ပစ္စည်းတွေရဲ့ ဈေးကမြင့်လာတော့ ရွှေဒင်္ဂါးတွေကို အများအပြား ကိုင်တွယ်လာရတယ်။ နောက်တစ်ခုက အစိုးရကိုယ်နှိုက်ကိုယ်က ရွှေဒင်္ဂါးမှာပါဝင်တဲ့ ရွှေအချိုးကို လျော့ချင်လာတယ်။ ဘာလို့လဲဆိုတော့ စစ်အသုံးစားရိတ်တွေအတွက် အစိုးရက လယ်ပိုင်ရှင်မြေပိုင်ရှင်တွေဆီကနေ ငွေချေးရတယ်။ စစချင်းချေးတုန်းက ရွှေဒင်္ဂါးတစ်ပြားမှာ ရွှေပါဝင်မှုက ၈၅% ကြေးက ၁၅% ဆိုပြီး သတ်မှတ်ထားတယ်။ ဒါပေမယ့် အစိုးရက ပြန်ဆပ်တဲ့အခါမှာ ရွှေအချိုးကို ပြောင်းလိုက်တယ်။ ၈၀% ၂၀ % ဆိုပြီးတော့။ ပေးရတဲ့ဒင်္ဂါးအရေအတွက်က တူပေမယ့် ရွှေပါဝင်မှုအချိုးကြောင့် အစိုးရက ငွေပြန်ဆပ်ရတာ အရမ်းသက်သာသွားတယ်။ ဥရောပတိုက်မှာ အဲဒီအချိန်က အစိုးရအကုန်လုံးသည် ဒါကိုအရမ်းသဘောကျတယ်။ ဒီတော့ ရွှေအချိုးပြောင်းချင်ရင် လွယ်လွယ်နဲ့ပြောင်းလို့ရမယ့် ရွှေမှတ်တမ်းတင်မှုစနစ်ကို တီထွင်လိုက်တယ်။

.

ရွှေဒင်္ဂါးဘယ်နှပြားပိုင်တယ်ဆိုရင် အစိုးရက ရွှေဒင်္ဂါးတွေ မပေးတော့ပဲ၊ ဘယ်နှပြားပိုင်ဆိုင်ကြောင်း အသိအမှတ်ပြုစာရွက် ထုတ်ပေးလိုက်တယ်။ အထူးသဖြင့်တော့ ဒီအလုပ်ကို အရင်က ပန်းထိမ်တွေက လုပ်တယ်။ gold guild လို့ခေါ်တဲ့ ရွှေကုန်သည်တွေက စလုပ်တာ၊ နောက်ပိုင်း ဘဏ်တွေက ပြောင်းလုပ်လာတယ်။ အဲဒီတော့ ရွှေဒင်္ဂါးထုတ်စရာမလိုပဲ၊ ရွှေရဲ့အရေအသွေးကို အမျိုးမျိုး ပြောင်းလို့ရလို့ အစိုးရကကြိုက်တယ်။ ရွှေဒင်္ဂါးဆိုရင် သယ်ရတာ အလုပ်ရှုပ်တယ်၊ နောက်ဒင်္ဂါးက အသုံးပြုပါများရင် ပဲ့လာတာမို့ ဆုံးရှုံးမှု ရှိတဲ့အတွက် သုံးတဲ့လူတွေက ကြိုက်တယ်။ မကြိုက်တာကတော့ ရွှေဒင်္ဂါးတွေ အများကြီးပိုင်ထားတဲ့ မြေပိုင်ရှင်တွေက မကြိုက်ဘူးပေါ့။

.

အဲဒီလိုနဲ့ ငွေစက္ကူစနစ်ပေါ်လာတယ်။ ငွေစက္ကူပေါ်လာတာနဲ့ ဘဏ်ဆိုတာ ရှိလာတယ်။ ဘဏ်ရဲ့အဓိကတာဝန်က ဦးဖြူမှာ ရွှေဒင်္ဂါးတစ်ရာ ရှိရင် ဦးဖြူမှာ ရွှေဒင်္ဂါးတစ်ရာရှိကြောင်း သက်သေခံလက်မှတ်ထုတ်ပေးရတာ။ တကယ်လို့ ဦးဖြူက သူ့တစ်ရာတန် သက်သေခံလက်မှတ်ရဲ့ ၁၀ ပုံ ၁ ပုံကို ဖြဲပြီးတော့ ဦးနီကို ပေးလိုက်ရင် ဘဏ်က ဦးနီကို ရွှေဒင်္ဂါးဆယ်ပြားပေးဖို့ တာဝန်ရှိသွားတယ်။ ဒီလိုနဲ့ပဲ ဘဏ်စနစ်စတင်လည်ပတ်တယ်။ ဘဏ်ရဲ့အဓိကတာဝန်က သတ်မှတ်အရေအသွေးနဲ့ ရွှေဒင်္ဂါးတွေကို ထုတ်လုပ်ပြီး အဲဒီထွက်လာတဲ့ ရွှေဒင်္ဂါးတွေကို ဘယ်သူကဘယ်လောက်ပိုင်တယ်ဆိုတာကို တာဝန်ခံပြီးတော့ သက်သေခံလက်မှတ်တွေ ထုတ်ပေးရတာပဲ။ ဥပမာ အခုရွှေဈေး တစ်ကျပ်သားကို ၁၀ သိန်းပေါ့။ အဲဒါဆိုရင် ခင်ဗျားလက်ထဲမှာ ၁ သောင်းတန်တစ်ရွက်ရှိတယ်ဆိုရင် ဘဏ်က ခင်ဗျားကို ရွှေ ၀.၀၁ ကျပ်သား ထုတ်ပေးရဖို့ တာဝန်ရှိတယ်။

.

အဲဒီမှာ ပြဿနာက ရွှေကိုစံညွှန်းအနေနဲ့ ထားတာကို ဘဏ်တွေရော၊ အစိုးရတွေရောက မကြိုက်တော့ပြန်ဘူး။ ဘာလို့လဲဆိုတော့ ရွှေကိုတူးရတာ၊ ရွှေရှိမယ့်နေရာကို ရှာရတာ၊ ရလာတဲ့ရွှေကို သန့်စင်ရတာ၊ ဒင်္ဂါးသွန်းရတာ၊ ရလာတဲ့ဒင်္ဂါးတွေကို စာရင်းသွင်းပြီး ပိုက်ဆံအဖြစ် ပြန်ထုတ်ပေးရတာ၊ ပျက်ဆီးသွားတဲ့ ငွေစက္ကူတွေ၊ ဒင်္ဂါးတွေကို အသစ်ပြန်ထုတ်ရတာ စသဖြင့် အလုပ်အရမ်းရှုပ်တယ်။ အဓိကအကျဆုံး ပြဿနာက တိုင်းပြည်တွေက အရမ်းချမ်းသာလာပြီး လိုအပ်တဲ့ငွေကြေးအတွက် နောက်ကနေ ကျောထောက်နောက်ခံ ပြန်ပေးရမယ့် ရွှေက အရေအတွက် လုံလုံလောက်လောက် မထွက်တာပဲ။ ဥပမာဆိုပါတော့ ပြီးခဲ့တဲ့ ၂၀၁၃ မှာ US ရဲ့ GDP က ၇၁.၄၅၆ ထရီလျံ ရှိတယ်။ ၂၀၁၄ မှာ ၇၃.၄၄၉ ရှိတယ်။ ခြားနားချက်ကိုကြည့်ရင် ၁.၉၉၃ ထရီလျံပေါ့။ ၂ ထရီလျံပဲ ထားပါတော့။ ၂၀၁၄ အတွက် ပျမ်းမျှရွှေဈေးက တစ်အောင်စကို ဒေါ်လာ ၁၂၀၀ လောက်ရှိတယ်။ အဲဒါဆိုရင် ၂ ထရီလျံစာအတွက် ၁၆၆၆၆၆၆၆၆၆ အောင်စကျော် လိုလာမယ်။ အဲဒီရွှေတွေကို ထုတ်လုပ်ရမယ့်၊ ဒါတွေကို ထိန်းသိမ်းရမယ့် ကုန်ကျစားရိတ်က ရှိသေးတယ်။ အဲဒီတော့ ငွေကြေးတန်ဖိုးကို ရွှေနဲ့မသတ်မှတ်ပဲ၊ တိုင်းပြည်ရဲ့ ထုတ်လုပ်မှုတန်ဖိုး၊ ချမ်းသာကြွယ်ဝမှု တန်ဖိုးတွေကို တိုင်းပြည်အချင်းချင်း ပြန်ယှဉ်ပြီး တိုင်းတာလာကြတယ်။

.

ဘယ်လိုတိုင်းတာလဲဆိုတော့ ဥပမာ မြန်မာနိုင်ငံက ချမ်းသာမှု ၁၀၀ ရှိတယ်၊ လည်ပတ်တဲ့ စုစုပေါင်း ငွေကြေးက ၁ ကျပ်ရှိတယ်ထား။ အမေရိကန်က စုစုပေါင်းချမ်းသာမှု ၁၀၀၀ ရှိတယ် လည်ပတ်ငွေကြေးကလည်း ၁ ဒေါ်လာပဲ ရှိတယ်ထား။ ဒါဆိုရင် အမေရိကန် ၁ ဒေါ်လာနဲ့ မြန်မာငွေနဲ့ လဲတဲ့အခါမှာ တစ်ဒေါ်လာကို ကျပ် ၁၀ ပေးရမယ်။ အဲဒီလိုမျိုး တစ်နိုင်ငံရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ လည်ပတ်ငွေအချိုးကို နောက်တစ်နိုင်ငံက ချမ်းသာကြွယ်ဝမှုနဲ့ လည်ပတ်ငွေအချိုးကို ပြန်နှိုင်းယှဉ်တာပါပဲ။ ဒီကြားထဲမှာ ကိုယ်လဲမယ့် နိုင်ငံရဲ့ငွေကြေးဟာ ဈေးကွက်ထဲမှာ ဝယ်လိုအား၊ ရောင်းလိုအား ဘယ်လောက်ရှိတယ်နဲ့လဲ ဆိုင်တာပဲ။ ဥပမာ ကျပ်နဲ့ ဒေါ်လာအကြား အချိုးက ၁၀၀၀ : ၁ ရှိတယ်။ ဒေါ်လာနဲ့ ယွမ်အချိုးက ၁ : ၂ ရှိတယ်။ ဒါဆို တကယ်ဖြစ်သင့်တာက ကျပ်နဲ့ယွမ်အချိုးသည် ၅၀၀ : ၁ ဖြစ်သင့်တယ်။ ဒါပေမယ့် မြန်မာဈေးကွက်မှာ တရုတ်ငွေ ဝယ်လိုအားတက်နေတယ်ဆိုရင် ဈေးကွက်အချိုးက ၆၀၀ : ၁ လောက် ဖြစ်သွားမယ်။ တကယ်တန်တာက ၁ ယွမ်မှာ မြန်မာငွေ ၅၀၀ ပဲတန်ပေမယ့်၊ တရုတ်ပစ္စည်းတွေ ဝယ်သွင်းနေရတယ်၊ အစိုးရက တရုတ်ဆီက ချေးထားတဲ့ငွေတွေကို တရုတ်ငွေနဲ့ ပြန်ဆပ်နေရတယ်ဆိုတာတွေကြောင့် မြန်မာဈေးကွက်ထဲ တရုတ်ငွေဈေးမာနေရင် ၁ ယွမ်ရဖို့ မြန်မာငွေ ၆၀၀ ပေးနေရတာမျိုး ဖြစ်နေနိုင်တယ်။

.

ကျွန်တော်တို့ ဒီအထိမှာ ငွေကြေး၊ ငွေစက္ကူဘယ်လိုပေါ်လာတယ်၊ ငွေကြေးမူဝါဒ (ဘဏ္ဍာရေးမူဝါဒ မဟုတ်ဘူး) က ဘယ်လို၊ ဘဏ်ဆိုတာ ဘယ်လို၊ ငွေတန်ဖိုးကို ဘယ်လိုသတ်မှတ်တယ်ဆိုတာတွေ ပြောပြီးပြီ။ အခုဆက်ပြောမှာက ငွေဖောင်းပွမှု။ ငွေဖောင်းပွတယ်ဆိုတာက အရင်က ရွှေတစ်ကျပ်သားကို မြန်မာငွေ ၈ သိန်းရှိရာက အခုအခါမှာ ဒီကုန်စည်တူဖြစ်တဲ့ ရွှေကိုပဲ ၁၀ သိန်းပေးလာရတာမျိုးပေါ့။ ငွေဖောင်းပွရခြင်း အကြောင်းတွေ အများကြီးရှိတယ်။ တစ်ချို့က ကောင်းတယ်၊ တစ်ချို့က ဆိုးတယ်။ များသောအားဖြင့်က ဆိုးတယ်ပေါ့လေ။ ဒါပေမယ့် ကောင်းတာလည်း ရှိတယ်။ ဥပမာ တိုင်းပြည်မှာ လူတွေက အရမ်းချမ်းသာလာတယ်။ ဒီလူတွေ သုံးဖို့စွဲဖို့ ကုန်စည်က အလုံအလောက် လိုက်မထုတ်နိုင်ဘူး။ အဲဒီတော့ ဝယ်လိုအားအချိုးနဲ့ ရောင်းလိုအားအချိုး မညီတော့ပဲ ဈေးတက်လာတာမျိုး ရှိတယ်။ ဒါပေမယ့် ဒါမျိုးက ရှားတယ်။ ပြီးတော့ ဒီအကြောင်းနဲ့ ငွေဖောင်းပွလည်း ဖောင်းပွနှုန်းက အရမ်းနည်းတယ်။ ဘာလို့လဲဆိုတော့ လူတွေသုံးနိုင်လာရင် ထုတ်လုပ်မှုကိုလည်း ပိုတိုးလာကြတာကြောင့်ပါ။ ကျန်တဲ့ငွေဖောင်းပွရခြင်းအကြောင်းတွေဖြစ်တဲ့ အစိုးရအသုံးစားရိတ် အရမ်းများတာ၊ ကြွေးမြီများလွန်းတာ၊ စီးပွားရေးထိုင်းမှိုင်းတာ၊ ကုန်စည်တင်ပို့၊ တင်သွင်းမှုတွေမှာ အခက်အခဲတွေ ရှိတာ၊ ဒါမျိုးတွေကတော့ အဆိုးဘက်ကပေါ့။

.

ဒီနေရာမှာ ကြားဖြတ်တစ်ခု ပြောချင်တာက ကမ္ဘာပေါ်မှာ ရွှေနဲ့စံထားတဲ့ စနစ်ကို ဖျက်သိမ်းလိုက်တာ မကြာသေးဘူးဆိုတာပဲ။ ပထမကမ္ဘာစစ်မတိုင်ခင်အထိ နိုင်ငံတော်တော်များများဟာ ရွှေစံစနစ်ကို သုံးကြတယ်။ စစ်ပြီးတော့ တော်တော်များများ တစ်နိုင်ငံပြီးတစ်နိုင်ငံ ရွှေစနစ်ကို ဖျက်လာကြတယ်။ ဒါပေမယ့် လုံးလုံးဖျက်လိုက်တာတော့ မဟုတ်ဘူး။ စံစနစ်တစ်ခုခုနဲ့တော့ ချိတ်ထားသေးတာပဲ။ ဒုတိယကမ္ဘာစစ်အပြီးမှာ အမေရိကန်ရွှေစံစနစ်ကို သုံးလာကြတယ်။ အမေရိကန်ဒေါ်လာနဲ့ ရွှေနဲ့ကို စံချိတ်ထားတယ်။ ပြီးတော့မှ ကိုယ့်ငွေနဲ့ အမေရိကန်ဒေါ်လာကို စံပြန်ပြုပြီး ကိုယ့်ငွေကြေးနဲ့ ရွှေနဲ့ကို တစ်ဆင့်ခံ ပြန်ချိတ်ထားကြတာ များလာတယ်။ ဒါပေမယ့် ၁၉၈၀ ခုနှစ်တွေ အစောပိုင်းလောက်မှာ ရွှေဈေးက တစ်အောင်စကို ၈၃ ဒေါ်လာလောက်နဲ့ စံထားလာတယ်။ ဒေါ်လာနဲ့ ကိုယ့်နိုင်ငံငွေနဲ့ကို စံသတ်မှတ်ချက်နဲ့ ပြန်ချိတ်လိုက်ပြီး ရွှေကိုတစ်ဆင့်ခံ ပြန်ချိတ်ထားတာပေါ့။ ဥပမာ တစ်ဒေါ်လာကို ကျပ် ၁၀၀၀ ဆိုရင် မြန်မာငွေ ၈၃၀၀၀ သည် ရွှေတစ်အောင်စနဲ့ညီတယ်လို့ အဲဒီလိုတစ်ဆင့်ခံ စံသတ်မှတ်တဲ့ စနစ်ပေါ့။ ဒါပေမယ့် အဲဒီ ၁၉၈၀ ခုနှစ်တွေ အစောပိုင်းလောက်မှာပဲ ဒီစနစ်ကို အပြီးတိုင် ဖျက်လိုက်ကြတယ်။

.

ကဲ… အခုငွေကြေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ပြောပြီးပြီဆိုတော့ Crypto လို့ခေါ်တဲ့ ဝှက်စာစနစ်အကြောင်း ပြောကြစို့ရယ်။ ဝှက်စာဆိုတာမှာ ပြောရင်တော့ အများကြီးပေါ့ဗျာ။ ဒါပေမယ့် Digital လို့ခေါ်တဲ့ သင်္ချာစနစ်နဲ့ဆိုင်တဲ့ ဝှက်စာတွေပဲ ပြောမယ်။ ဥပမာ အဖြေက ၃ ဆိုရင် ၁ နဲ့ ၂ ပေါင်းလည်း ၃ ဖြစ်တယ်။ ၄ ကနေ ၁ နုတ်လည်း ၃ ဖြစ်တယ်။ အဲဒီတော့ ဘယ်လိုတွက်ရင် ဒီအဖြေရမလဲဆိုတာကို ဖော်ရတာပေါ့။ ဒါက အခြေခံအကျဆုံးအဆင့်မှာပြောနေတာ။ အမှန်တော့ ဒီထက်ပိုရှုပ်ထွေးတယ်ပေါ့လေ။

.

အဲဒီတော့ အခုငွေကြေးကိုလည်းသိပြီ၊ ဝှက်စာစနစ်ကိုလည်း အခြေခံအဆင့်မှာ နားလည်ပြီဆိုရင် Crypto Currency အကြောင်း ပြောလို့ရပြီ။ Crypto Currency မှာ အဓိကအကျဆုံးက သင်္ချာပုစ္ဆာတစ်ပုဒ်ပဲ။ ဒီငွေကြေးကို တီထွင်တဲ့သူဟာ တွက်ချက်ရ အင်မတန်ခက်ခဲတဲ့ သင်္ချာပုစ္စာတစ်ပုဒ်ကို တီထွင်ထားရတယ်။ ပြီးသွားရင် ဒီပုစ္ဆာကို ဖြေရှင်းပြီးသွားတာနဲ့ နောက်ထပ်ဒီထပ်ပိုခက်တဲ့ ပုစ္ဆာကို အလိုလျောက်ဖန်တီးတဲ့ စနစ်ကို ထည့်ထားရတယ်။ ဒီနေရာမှာ ပြောချင်တာက သင်္ချာပုစ္ဆာသည် တကယ်တမ်း သင်္ချာပညာအရ ဖြေရှင်းလို့ မရနိုင်လောက်အောင် ခက်ခဲတာကို ပြောတာမဟုတ်ဘူး။ တွက်ချက်ဖို့အတွက် အချိန်တွေအများကြီး ယူရတယ်လို့ ဆိုလိုတာ။ ဥပမာပြောရရင် ၁ ကို ၁ နဲ့ပေါင်းရင် ၂ ဖြစ်တယ်ပေါ့။ ၂ ကို ၁ ထပ်ပေါင်း ၃ ဖြစ်မယ်။ ဟုတ်ပြီ။ ဒါလူတိုင်းလုပ်လို့ရတယ်။ ဒါပေမယ့် အဲဒီလို ဆက်ပေါင်းသွားတာမျိုးကို အကြိမ်ပေါင်း သန်းထောင်ပေါင်းတစ်သန်းလောက် ပေါင်းပါဆိုရင် ပြဿနာတက်ပြီ။ ၁ ကို ၁ ပေါင်း ၂ ရ တစ်ကြိမ်၊ ၂ ကို ၁ ပေါင်း ၃ ရ နှစ်ကြိမ်၊ အဲဒီလိုနဲ့ အကြိမ်ရေ သန်းထောင်ပေါင်း တစ်သန်း။ ၁,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀ အကြိမ်အထိ ပေါင်းရမယ်။ ကဲ… ဘယ်လိုလုပ်မလဲ။ တစ်ခါ ဒီပုစ္ဆာကို ဖြေရှင်းပြီးသွားရင်၊ နောက်ထပ် သန်းသောင်းပေါင်း တစ်သန်း၊ စောစောက ဟာမှာ သုညတစ်လုံးတိုး၊ ထပ်ပေါင်းရမယ်။ အဲဒီလို သတ်မှတ်နိုင်ရင် ရသွားပြီ။

.

ပိုက်ဆံထွက်လာတဲ့စနစ်က ဘယ်လိုလဲဆိုတော့ ပထမအဆင့်ပုစ္ဆာကို လူတွေအများကြီးပဲ ဝိုင်းတွက်ကြတယ်။ အရင်ဆုံးအဖြေရတဲ့သူကို ဆုကြေးအဖြစ် coin ၁၀ ပြားပေးတယ်။ ပြီးတော့ ဒီလူက ခဏစောင့်ရတယ်။ ကျန်တဲ့သူတွေက ဒုတိယအဆင့်ပုစ္စာကို ဆက်တွက်ကြတယ်။ ခဏနေတာနဲ့ ပထမလူက ဒုတိယပုစ္စာကို လိုက်တွက်တယ်။ သူပဲအရင်ပြီးတယ်။ သူက ၁၀ ပြား ထပ်ရမယ်။ ပြီးရင် တတိယအဆင့်ပုစ္စာကို ဆက်တွက်မယ်။ ဒီတစ်ခါမှာတော့ နောက်လူတစ်ယောက်က ပြီးမယ်။ အရင်ပြီးတဲ့သူက ၁၀ ပြားရမယ်။ ကျန်တဲ့သူတွေက မရကြဘူး။ ဒီလိုနဲ့ coin တွေကို ထုတ်လုပ်သွားတယ်။

.

အစပိုင်းမှာတော့ ပုစ္ဆာတွေက အတော်လေး လွယ်သေးတယ်။ အဲဒီတော့ တွက်ချက်ရတဲ့အချိန်က သိပ်မကြာဘူး။ ဒါပေမယ့် နောက်ပိုင်းတစ်ဆင့်ပြီးတစ်ဆင့် ခက်လာရာကနေ အချိန်တွေ အရမ်းကြာလာတယ်။ coin ထွက်တဲ့နှုန်းကိုလည်း ဘယ်မိနစ်ကြရင် ဘယ်လောက်ထွက်တယ်ဆိုတဲ့နှုန်းကို လျော့ချလာတယ်။ ဒါမျိုးတွေ ရှိတယ်။ အဲဒီတော့ Bitcoin ကိုပဲ ကျွန်တော် နမူနာ ယူပြီးပြောတော့မယ်။ ကျန်တဲ့ coin တွေလည်း ဒီသဘောနဲ့ ဆင်ဆင်ပဲလို့ သဘောထားစေချင်တယ်။

.

Bitcoin မှာ ပုစ္ဆာတစ်ပုဒ်နဲ့ တစ်ပုဒ်အကြား ကွာဟချက်ကို Block လို့ခေါ်တယ်။ Block ပေါင်း ၂၀၁၆ ခု ပြည့်တိုင်းပြည့်တိုင်း program က ဒီပုစ္ဆာတွေကို ဖြေနေကြတဲ့သူတွေအနေနဲ့ ဘယ်လောက်မြန်မြန် ဖြေနိုင်ကြတယ်ဆိုတာကို တိုင်းတာပြီး ပုစ္ဆာရဲ့အခက်အခဲကို အတိုးအလျော့ လုပ်ပေးတယ်။ အဲဒီလို အတိုးအလျော့လုပ်ပေးတဲ့အတွက် Block တစ်ခုရဲ့ ကြာမြင့်ချိန်က ပုံမှန်အားဖြင့် ၁၀ မိနစ်လောက်ပဲ ရှိနေအောင် ထိန်းထားလို့ရသွားတယ်။ တွက်တဲ့သူတွေက အရမ်းတော်လာလို့ ခဏလေးနဲ့ အချိန်ပြည့်သွားရင် ၂၀၁၇ ခုမြောက် Block မှာ ပုစ္ဆာကို ပိုခက်သွားအောင် လုပ်လိုက်တယ်။ တကယ်လို့ ပုစ္ဆာက အရမ်းခက်လာတယ်ဆိုရင် ၄၀၃၃ ခုမြောက် Block မှာ ပုစ္ဆာကို နည်းနည်းလွယ်အောင် ပြန်လျော့လိုက်တယ်။ ပုစ္ဆာတွေရဲ့ ခက်ခဲမှုကို ပြန်ကြည့်ရင် ၂၀၁၀ မှာ ပုစ္ဆာတစ်ခုဟာ အဆင့် ၁ ပဲခက်တယ်ဆိုရင် အခု ၂၀၁၇ မှာ ပုစ္ဆာရဲ့ ခက်ခဲမှုဟာ ၁ ထရီလျံနီးပါးကို ရောက်သွားပြီ။ အဆပေါင်း ၁ ထရီလျံလောက် ပိုခက်လာတယ်ဆိုတဲ့သဘောပဲ။

.

Crypto Currency မှာက ထုတ်ယူလို့ရနိုင်မယ့် အများဆုံးပမာဏကို ကန့်သတ်ထားတယ်။ Bitcoin မှာဆိုရင် ၂၁ သန်းအထိ ထုတ်ယူလို့ရမယ်။ အခုလက်ရှိ ထုတ်ယူထားတဲ့ Bitcoin အရေအတွက်က ၁၈ သန်းလောက် ရှိနေပြီ။ အဲဒီတော့ Block တစ်ခုကို ဖြေရှင်းနိုင်ရင် ဘယ်လောက်ရမလဲဆိုတာက ဘယ်အချိန်မှာ Bitcoin block ကို ဖြေရှင်းနိုင်သလဲဆိုတာနဲ့ ဆိုင်တယ်။ စောစောပိုင်းမှာ ဖြေရှင်းတဲ့သူတွေဟာ ပုစ္ဆာအားဖြင့်လည်း ပိုလွယ်သလို၊ တန်ဖိုးအားဖြင့်လည်း ပိုများတယ်။ ဥပမာ စစထွက်ထွက်ချင်း ၂၀၀၉ လောက်မှာ Block တစ်ခုကို ဖြေရှင်းရတဲ့ တွက်ချက်မှုပမာဏဟာ မပြောပလောက်အောင်ကို လွယ်လွန်းတယ်။ ဒါပေမယ့် အဲဒီ block ကို ဖြေရှင်းနိုင်တဲ့အတွက် ပြန်ရတဲ့ Bitcoin အရေအတွက်က အများကြီးပဲ။ တစ်ခါထုတ်ရင် coin ၅၀ ထွက်တယ်။ အဲဒီလိုနဲ့ block ပေါင်းများစွာ ထုတ်လာလိုက်တာ block ပေါင်း ၂ သိန်း ၁ သောင်း ပြည့်သွားတဲ့အချိန်မှာ block တစ်ခုကနေ coin ထွက်တဲ့နှုန်းသည် ၂၅ coin ပဲ ထွက်တော့တယ်။ ၂၈ နိုဝင်ဘာ ၂၀၁၂ မှာပေါ့။ အဲဒါကို Halving day 2012 လို့ခေါ်ကြတယ်။ အဲဒီအချိန်ကစလို့ အခုအချိန်အထိ Block တစ်ခုကို ဖြေရှင်းနိုင်တိုင်း အရင်ဦးဆုံးဖြေရှင်းနိုင်တဲ့သူက ၂၅ coin ရမယ်။ ၂၀၂၀ ခုနှစ်လောက်ရောက်ရင် Halving day 2020 ဆိုပြီး တစ်ခါလာဦးမယ်။ ဇွန်၊ ဇူလိုင်လောက်မှာ ဖြစ်ဖို့များတယ်။ အဲဒီကြရင် Block တစ်ခု ဖြေရှင်းနိုင်တိုင်း ၁၂.၅၀ coin ပဲ ရတော့မယ်။ အဲဒီတော့ Bitcoin ထုတ်လုပ်ခြင်း၊ Bitcoin Mining ဆိုတာကို အနှစ်ချုပ်ပြောရရင် စောစော mining လုပ်တဲ့သူတွေအဖို့ ပုစ္ဆာအနေနဲ့လည်းလွယ်တယ်၊ ပုစ္ဆာဖြေရှင်းနိုင်လို့ ရလာမယ့် coin အရေအတွက်လည်း ပိုများမယ်ဆိုတာကို အနှစ်ချုပ် ပြောလို့ရတယ်။

.

ဒီနေရာမှာ မဖြစ်မနေပြောရမှာက Bitcoin mining သည် Bitcoin အဝယ်အရောင်း စီးပွားရေးနဲ့ မဆိုင်ဘူးဆိုတာပဲ။ Bitcoin mining မှာ စောစောလုပ်ရင် လွယ်လွယ်နဲ့ များများ ရမယ်လို့ ပြောထားပေမယ့် Bitcoin အရောင်းအဝယ်မှာ အဲဒီအတိုင်းမဟုတ်ဘူး။ စောဝင်တိုင်း ဈေးချောင်ချောင်နဲ့ရမယ် မထင်နဲ့။ နောက်ကျမှဝင်လို့ ပေါချောင်ကောင်း ရမယ်လို့လည်း မထင်လိုက်နဲ့ပဲ။

.

အခု Bitcoin ဘယ်လိုအလုပ်လုပ်လဲ သိပြီဆိုတော့ Bitcoin သမိုင်းကို နည်းနည်းအရင် စပြောမယ်။ ပြီးရင် Bitcoin mining အကြောင်း၊ Bitcoin လည်ပတ်ပုံ အကြောင်း၊ နောက်ဆုံးမှာ Bitcoin အရောင်းအဝယ်အကြောင်း ပြောပါမယ်။ ဒီနေရာမှာ Bitcoin အကြောင်းကို အဓိကပြောရတာက သူက Cryto Currency တွေထဲမှာ အစောဆုံးနဲ့ လူသိအများဆုံး၊ အအောင်မြင်ဆုံး ဖြစ်နေလို့ပါ။ ကျန်တဲ့ LiteCoin၊ Namecoin၊ Peercoin၊ Dogecoin စသဖြင့် Cryto Currency တွေ အများကြီး ရှိပါသေးတယ်။

.

Bitcoin ကို ၂၀၀၉ ခုနှစ်မှာ စတင်ပါတယ်။ ဆာတိုရှီနာကာမိုတိုဆိုတဲ့သူက စတင်ပြီးတီထွင်တာပါ။ ဒါပေမယ့် ဆာတိုရှီဆိုတာက နာမည်ဝှက်ဖြစ်ပါတယ်။ သူဘယ်သူလဲ၊ လူတစ်ယောက်တည်းလား၊ အများကနာမည်တစ်ခုကယူထားတာလား၊ နာမည်အစစ်က ဘာလဲ၊ ဘယ်သူတွေလည်း ဆိုတာ အခုအထိ ဘယ်သူမှ မသိပါဘူး။ လက်ရှိအချိန်မှာ Bitcoin ပေါင်း ၁၈ သန်းလောက် ထုတ်လုပ်ပြီးနေပါပြီ။ ၂၁၄၀ ခုနှစ်လောက်အထိ Bitcoin တွေ ဆက်ထွက်နေဦးမှာပါ။ ဧပြီလ ၂၀၁၀ မှာ Bitcoin တစ် coin ရဲ့တန်ဖိုးဟာ ၀.၀၀၃ ဒေါ်လာပဲ ရှိပါတယ်။ ၂၀၁၁ ဧပြီအရောက်မှာ ၁ coin ကို ၁ ဒေါ်လာအထိ ရောက်လာပါတယ်။ ၂၀၁၁ ဇူလိုင်လ ၈ ရက်ဟာ Bitcoin ရဲ့ မွေးနေ့လို့တောင် ပြောလို့ရပါတယ်။ ၁ coin ကို ၁ ဒေါ်လာလောက်ကနေ ရုတ်တရက်ဆိုသလို ၁ coin ကို ၃၁ ဒေါ်လာအထိ ခုန်တက်သွားပါတယ်။ ဒါပေမယ့် နောက် ၆ လအကြာ ဒီဇင်ဘာ ၂၀၁၁ မှာ ၁ coin ကို ၂ ဒေါ်လာပဲ တန်တော့တဲ့အထိ ပြုတ်ကျသွားလို့ ဝယ်ရင်းထားသူတွေ ရင်ထုမနာဖြစ်ရပါတယ်။ နောက်တော့ တဖြည်းဖြည်း ပြန်တက်လာလိုက်တာ ၂၀၁၃ ဧပြီမှာ ဝုန်းဒိုင်းခုန်တက်ပြီး ၁ coin ကို ၂၆၆ ဒေါ်လာအထိ ရောက်သွားပါတယ်။ ဒါပေမယ့် ဇွန်လမှာ ၁ coin ကို ဒေါ်လာ ၁၀၀ အထိ ပြန်ပြုတ်ကျပါတယ်။ နိုဝင်ဘာမှာ ၁ coin ကို ဒေါ်လာ ၁၂၄၀ ကျော်အထိ တက်သွားပြီး၊ နောက်တစ်လ ဒီဇင်ဘာမှာ ဒေါ်လာ ၆၀၀ အထိ ပြန်ဆင်းသွားပြန်ပါတယ်။ ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၆ တွေမှာ တက်လာလိုက်၊ ပြန်ပြုတ်ကျသွားလိုက်၊ ပြန်တက်လာလိုက်နဲ့ ၂၀၁၃ ဒီဇင်ဘာမှာ အနိမ့်ဆုံး ဒေါ်လာ ၆၀၀ ရှိခဲ့ရာကနေ ၂၀၁၆ ဒီဇင်ဘာမှာ ဒေါ်လာ ၈၀၀ လောက်အထိ ပြန်ရောက်လာပါတယ်။

.

စိတ်ဝင်စားစရာက အခုမှစတာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီကနေစလို့ ဒီအခု ဇူလိုင်လအထိ Bitcoin ဟာ ကြောက်စရာနှုန်းနဲ့ တက်လာပါတယ်။ ၂၀၁၇ စစချင်းမှာ ဒေါ်လာ ၇၅၀ ပဲရှိရာက ကြောက်ခမန်းလိလိ ခုန်တက်လာပြီး၊ ပြီးခဲ့တဲ့ဇွန်လ ၂၁ ရက်နေ့မှာ အမြင့်ဆုံးအနေနဲ့ ၁ coin ကို ၂၆၆၉ ဒေါ်လာအထိ တောက်လျှောက်ခုန်တက်လာနေပါတယ်။ အဲဒါကြောင့် မြန်မာပြည်မှာ Bitcoin ဟေ့၊ Bitcoin ဟဆိုတဲ့ အသံတွေ ကြားလာနေရတာပါ။ ဒါပေမယ့် Bitcoin သမိုင်းတစ်လျှောက်ပြန်ကြည့်ရင် ဒီလိုအမြင့်ကြီးခုန်ပြီးရင် ဟိုးအဝီဇိရောက်တဲ့အထိ ပြုတ်ကျတဲ့ သမိုင်းတွေရှိပါတယ်။ အရင် ၂၀၁၃ နိုဝင်ဘာမှာ ဒေါ်လာ ၃၅၀ ကနေ ဒေါ်လာ ၁၂၄၂ အထိ ၃ဆခွဲကျော်ကျော်လောက် တစ်လထဲ ခုန်တက်ဖူးပါတယ်။ ဒါပေမယ့် နောက်နှစ်နှစ်အကြာ ၂၀၁၅ မှာ ဒေါ်လာ ၂၀၀ အထိ ၆ဆကျော် အုန်းခနဲမြည်အောင်ကို ခွေးကျဝက်ကျ ပြုတ်ကျသွားပါတယ်။ အခုလည်း ၇ လအတွင်း ဒေါ်လာ ၈၀၀ ကနေ ဒေါ်လာ ၃၀၀၀ အထိ ၄ ဆနည်းပါးတက်လာတယ်။ အရင်တစ်ခါလို ပြန်ကျလို့ ၆ ဆဆိုရင် ဒေါ်လာ ၅၀၀ လောက်အထိကို ဆင်းသွားနိုင်တာပါ။ အခုနေလက်ထဲရှိရင် ထုတ်ရောင်းပြီး ပြန်အကျမှာ ဝယ်ရင်တော့ မဆိုးပါဘူး။

.

ကောင်းပြီ။ ကျွန်တော်တို့ Bitcoin ဈေးနှုန်းအတက်ကျကြမ်းတဲ့ သမိုင်းကို ပြောပြီးပြီဆိုရင်တော့ ပြန်ကြည့်ရမှာက Bitcoin mining ပါ။ ကျွန်တော် Block တွေအကြောင်း၊ Block တွေမှာ ဖြေရှင်းရတဲ့ပုစ္ဆာတွေအကြောင်း၊ Block တွေရဲ့ တစ်ခုနဲ့တစ်ခုကြာချိန်အကြောင်း၊ Maximum Bitcoin ၂၁ သန်းအကြောင်း၊ ၂၀၁၆ ခုပြည့်တိုင်း Block တွေကို ပြန် config လုပ်တဲ့အကြောင်း၊ Block ပေါင်း ၂ သိန်း ၁ သောင်းပြည့်တိုင်း Halving လုပ်တဲ့အကြောင်း၊ ၂၀၀၉ ခုနှစ်က Block ပုစ္ဆာတွေထက် အခု ၂၀၁၇ က Block ပုစ္ဆာက အဆပေါင်း ၁ ထရီလျံလောက် ပိုခက်လာနေတယ်ဆိုတဲ့အကြောင်းတွေကို ပြောခဲ့ပြီးပါပြီ။ ဒီတစ်ခါပြောရမှာက ဘယ်သူတွေက Bitcoin ကို mining လုပ်နေတာလဲ။ သူတို့ဘယ်လိုလုပ်လဲ။ Mining ထုတ်လို့ ရလာတဲ့ Bitcoin တွေကို ငွေသားနဲ့ ဘယ်လိုလဲကြသလဲ၊ ဘယ်သူတွေက လဲပေးလဲ၊ ဘယ်လိုမှတ်တမ်းတင်လဲ၊ Bitcoin ကို ဘယ်လိုဝယ်ရလဲ၊ Bitcoin နဲ့ ပစ္စည်းတွေဝယ်ချင်ရင် ဘယ်လိုလုပ်ရလဲဆိုတာတွေကို ဆက်ပြောမှာပါ။

.

Bitcoin ကို အရင်ကတော့ သာမန်အိမ်သုံးကွန်ပျူတာတွေနဲ့ပဲ mining လုပ်ယူကြတာပါ။ အချိန်တော့ပေးရပေမယ့်၊ ပုစ္ဆာတွေက လွယ်သေးတာ၊ Bitcoin အရေအတွက်က များများရတာကြောင့် လုပ်ရတာ ကိုက်ပါတယ်။ ဒါပေမယ့် ခက်တာက ထွက်လာတဲ့ Bitcoin တွေကို ဘယ်သူမှ ပြန်မဝယ်တာနဲ့ ဝယ်ရင်လည်း ဈေးကောင်းမရတာကြောင့် လုပ်တဲ့သူနည်းပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ Bitcoin တွေက ဈေးတက်လာတော့ mining ကို စီးပွားဖြစ်လုပ်တဲ့သူတွေ ရှိလာပါတယ်။ Block ပုစ္ဆာတွေကို တွက်တဲ့အခါမှာ အဓိကလိုအပ်တာက Graphic Processing Unit လို့ခေါ်တဲ့ GPU တွေပါ။ CPU တွေက multi-purpose အသုံးပြုတာဖြစ်တဲ့အတွက် ပိုရှုပ်ထွေးတဲ့ instruction set တွေပါပါတယ်။ GPU တွေကတော့ မော်နီတာမှာ ပုံတွေပြဖို့သပ်သပ် ဒီဇိုင်းဆွဲထားတာမို့ ပိုရိုးရှင်းတဲ့ instruction set တွေကို အသုံးပြုပေမယ့် သူတို့က ဂဏန်းတွေအများကြီးကို အမြန်နှုန်းနဲ့တွက်နိုင်ပါတယ်။ ဒါကြောင့် ပုစ္ဆာတွေဖြေရှင်းတဲ့ Bitcoin လိုဟာမျိုးမှာ CPU ထက် GPU ကို ပိုလိုပါတယ်။ Bitcoin Rig လို့ခေါ်တဲ့ ကွန်ပျူတာတွေမှာ Graphic အနည်းဆုံး ၄ ကတ်အထိ စိုက်ထားကြပါတယ်။ နောက်တစ်ခုက Graphic ကတ်တွေက အရမ်းပူပါတယ်။ အဲဒီအတွက် အအေးပေးစနစ်တွေ လုပ်ရပါတယ်။ သူကထူးဆန်းတယ်။ ပူလွန်းရင်လည်း မကောင်းဘူး၊ အေးလွန်းရင်လည်း အဆင်မပြေဘူး။ သူ့သတ်မှတ်အပူချိန်မှာ ထိန်းထားပြီး အလုပ်လုပ်ခိုင်းရတယ်။

.

Bitcoin miner တွေအဖို့ Bitcoin mining business ထဲကို စောနိုင်သမျှစောစော ဝင်နိုင်လေ ကောင်းလေပါပဲ။ ဘာလို့လဲဆိုတော့ Bitcoin တွေက အစောပိုင်းမှာ များများရလို့ပါ။ ဒါပေမယ့် ဒါကအခြေအနေအားလုံးမှာ မမှန်ပါဘူး။ ဘာလို့လဲဆိုတော့ ပုစ္ဆာတွေခက်လာတယ်၊ Block တွေက ထွက်တဲ့ coin အရေအတွက် လျော့သွားတယ်ဆိုပေမယ့်၊ Moore’s Law အရ ကွန်ပျူတာပစ္စည်းတွေဟာ အချိန်နောက်ကျလေ ပိုကောင်းလေ၊ ပိုဈေးသက်သာလေ ဖြစ်နေလို့ပါ။ နောက်အကြောင်းတစ်ခုက ခပ်စောစောမှာ Bitcoin ဈေးတွေက ကျနေတာမို့ ထုတ်သာထုတ်ရတယ် ကုန်ကျစားရိတ်မကာမိတာမျိုး ရှိတတ်ပါတယ်။

.

Bitcoin mining လုပ်မယ်ဆိုရင် ကွန်ပျူတာတွေ၊ GPU တွေ အများကြီးဝယ်ရမယ်။ ဒါတွေအတွက် အအေးပေးစနစ်တွေ လုပ်ရမယ်။ ပုစ္ဆာတွေက အချိန်နဲ့အမျှ ပိုပိုခက်လာတယ်၊ ကိုယ့်လိုပဲ mining လုပ်သူတွေတိုးလာတယ်ဆိုတဲ့အတွက် လက်ရှိ ကွန်ပျူတာတွေ၊ GPU တွေ၊ အအေးပေးစနစ်တွေကို အချိန်နဲ့အမျှ လဲလှယ်ပေးနေရမယ်။ မီတာခတွေရှိမယ်။ အဲဒီလို ကုန်ကျစားရိတ်တွေများလာတဲ့အတွက် mining ကုမ္ပဏီတွေက အများအားဖြင့် တစ်ယောက်တည်း လုပ်တာထက် စုလုပ်ကြတာ များပါတယ်။ ဥပမာတစ်ယောက်က ကွန်ပျူတာ အလုံး ၅၀ နောက်တစ်ယောက်က ၂၅ လုံး နောက်တစ်ယောက်ကလည်း ၂၅ ဆိုပြီး ၃ ယောက်စုထုတ်ရင် Block တစ်ခုကို ဖြေရှင်းနိုင်လိုက်လို့ coin တွေထွက်လာရင် အလုံး ၅၀ ထည့်ထားတဲ့တစ်ယောက်က ၁၂.၅ coin ရမယ် ကျန်တဲ့သူတွေက ၆.၂၅ စီ ရကြမယ်ပေါ့။ ဒါမျိုး ခွဲလုပ်ရပါတယ်။ ဒါကြောင့် ကိုယ့် Android ဖုန်းလေးနဲ့ Bitcoin ထုတ်လို့မရဘူးလားလို့ လာမမေးပါနဲ့၊ သီအိုရီအရ ဖြစ်နိုင်ပေမယ့်၊ လက်တွေ့မှာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

.

တစ်ချို့ကုမ္ပဏီတွေကတော့ သူများကွန်ပျူတာတွေကို Hack ပြီး သူတို့ကိုယ်စား mining လုပ်ခိုင်းတာမျိုး ရှိတတ်တယ်။ လူတွေကို ဟိုသီချင်းလေး အလကားမလိုချင်ဘူးလား၊ ဟိုကားဒီကားလေး မကြည့်ချင်ဘူးလားဆိုပြီး မြူဆွယ်ပြီး နောက်ကွယ်က Trojan အနေနဲ့ Bitcoin mining software ကို ထည့်လိုက်ပြီးတော့ လူတွေအများကြီးကို တပြိုင်တည်း mining လုပ်ခိုင်းထားတာမျိုး ရှိပါတယ်။ ပြောပလောက်အောင် မရဘူးဆိုပေမယ့် ရသင့်သလောက်တော့ သူတို့လည်း ရပါတယ်။ အရင်က နာမည်ကြီး torrent client ဖြစ်တဲ့ uTorrent မှာတောင် အဲဒီလိုလုပ်ထားတယ်လို့ သတင်းတွေ ထွက်ဖူးပါတယ်။

.

အချုပ်အားဖြင့် ပြောရရင် Bitcoin mining သင် ငွေကုန်ကြေးကျအရမ်းများပြီး၊ လုပ်ဖို့မလွယ်ပါဘူး။ Bitcoin ဈေးအရမ်းတက်နေမှသာ နည်းနည်းပါးပါးလောက် အမြတ်ကျန်တာပါ။ Bitcoin ထုတ်နိုင်တဲ့ အဆင့်ရှိတဲ့ GPU တစ်ခုရဲ့ဈေးက ဒေါ်လာ ၁ ထောင်ကျော်အထက်မှာ ရှိပြီး စက်တစ်လုံးကို အနည်းဆုံး ၄ ကတ်နဲ့၊ စက်အလုံးရေ ရာနဲ့ချီပြီး ထားရတာမျိုးပါ။ ပြီးတော့ ၂ နှစ်လောက်ကြာရင်လည်း အသစ်ပြန်လဲ ရပါတယ်။ တစ်ချို့ကတော့ Bitcoin ထုတ်တဲ့ chip တွေကို သီးသန့်ဒီဇိုင်းဆွဲပြီး ကိုယ်တိုင်ထုတ်လုပ်ကြတာ ရှိပါတယ်။ ဒါလည်း အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။

.

Bitcoin mining လုပ်တဲ့ကုမ္ပဏီတွေမှာ coinbase ဆိုတာရှိတယ်။ အဲဒါကို သူများတွေသုံးလို့မရဘူး။ mining လုပ်တဲ့သူတွေမှာပဲ အဲဒါကရှိတာ။ block တစ်ခုကို ဖြေရှင်းပြီးသွားရင် coinbase ထဲကို coin အသစ်တွေ ဝင်နေလိမ့်မယ်။ ဖြေရှင်းလိုက်တဲ့ block က blockchain ထဲရောက်သွားတာနဲ့ coinbase ထဲ coin အသစ်တွေ ရောက်သွားပြီ။ အဲဒီကနေမှ General ledger ထဲမှာ လူတွေသုံးနိုင်တဲ့ Bitcoin အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာ မြင်နေရမယ်။ Bitcoin သုံးချင်တဲ့သူတစ်ယောက်ဟာ ကိုယ့်ကိုယ်ပိုင် Wallet တစ်ခု ဖွင့်ရမယ်။ mining လုပ်တာ၊ coinbase ဖွင့်တာ၊ general ledger ကို access လုပ်တာ၊ wallet လုပ်တာတွေအားလုံးက အခမဲ့ပဲ။ ကိုယ်လုပ်လိုက်ရင် general ledger မှာ update ဖြစ်ပြီး လူတိုင်းမြင်နေရမယ်။ wallet တွေ၊ coinbase တွေ အားလုံးမှာ ရှိနေတဲ့ bitcoin တွေ အရေအတွက် အားလုံးကို ပေါင်းလိုက်ရင် general ledger မှာ ရှိနေတဲ့ coin အရေအတွက်နဲ့ တူရမယ်။

.

Mining လုပ်တဲ့သူတွေက general ledger ကို coinbase ကနေ ချိတ်ဆက်တယ်။ general ledger ထဲကို bitcoin တွေရောက်လာအောင် coinbase တွေကနေ ၁၀ မိနစ်ကို ၂၅ coin နှုန်းနဲ့ ဖြည့်ပေးနေတယ်။ general ledger ထဲက bitcoin တွေကို သုံးတဲ့သူတွေက wallet ကနေ တဆင့်လှမ်းယူပြီးသုံးရတယ်။ mining လုပ်တဲ့ A က သူ့မှာရှိတဲ့ coinbase ထဲက coin ၁၀ ခုကို B ရဲ့ wallet ထဲကို ထည့်ပေးလိုက်တယ်ဆိုရင် general ledger က အဲဒါကိုမှတ်ထားတယ်။ အဲဒီ transition ကို လူတိုင်းမြင်ရတယ်။ ဒါပေမယ့် ဘယ် base က ဘယ်သူပိုင်တယ်၊ wallet နံပါတ်ဘယ်လောက်က ဘယ်သူဆိုတာကို မသိတဲ့အတွက် ဘယ်သူကဘယ်သူကို လွှဲနေတယ်ဆိုတာကိုတော့ မသိရဘူးပေါ့။ အဲဒီတော့ privacy ရှိတယ်တော့ ပြောလို့ရတယ်။

.

ဒါပေမယ့် နောက်ပိုင်းမှာ miner တွေဆီကနေ တိုက်ရိုက်ဝယ်ရတာ လိုသလောက်မရတာ၊ ဝယ်ပြီးပြန်ရောင်းဖို့ခက်တာ၊ ငွေပေးချေဖို့ခက်တာတွေကြောင့် ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေ ပေါ်လာတယ်။ သူတို့က သူတို့ကိုယ်ပိုင် wallet ဖွင့်ထားတယ်။ အဲဒီ wallet ကနေတဆင့် ကြားခံပြီး miner တွေနဲ့ personal wallet တွေအကြား၊ personal wallet အချင်းချင်းအကြား လွှဲတာတွေ လုပ်ပေးတယ်။ ပြန်ရောင်းချင်လည်း ဝယ်တယ်ပေါ့လေ။

.

Bitcoin ကိုသုံးပြီး ပစ္စည်းဝယ်တာမှာတော့ ပစ္စည်းရောင်းတဲ့သူက သူ့ wallet ရဲ့ public link ကိုပေးထားတယ်။ ဝယ်တဲ့သူက အဲဒီ link ကို နှိပ်ပြီးတော့ သူ့ wallet ထဲကနေ ဘယ်လောက်နှုတ်သွားခွင့်ရှိတယ်ဆိုတဲ့ instruction ပါတဲ့ public link ကို ပြန်ပေးလိုက်တယ်။ အဲဒါကို general ledger က မှတ်တမ်းတင်ပြီးတော့ ဟိုဘက်ဒီဘက်လွှဲပေးလိုက်တယ်။ ဘဏ်သဘောပေါ့။ ဘဏ်ကနေငွေချေတဲ့သဘောပဲ။ ကိုယ့်ဘဏ်စာရင်းထဲကနေနှုတ်ပြီး၊ ဟိုဘက်ကလူရဲ့ ဘဏ်စာရင်းထဲကို တိုးပေးလိုက်တာပေါ့။ ဒီသဘောပါပဲ။

.

ဒါဆိုရင် Bitcoin ကို ဘယ်သူတွေသုံးကြလဲ၊ ဘာလို့ဈေးတွေမြှောက်လာလဲ။ နိုင်ငံတကာမှာက ကျွန်တော်တို့နဲ့ မတူဘူးဗျ။ ဒီမှာ လမ်းထိပ်ကုလားဆိုင်မှာ ခင်ဗျားဘာဆေးဝယ်ချင်ချင် အလွယ်ဝယ်လို့ရတယ်။ နိုင်ငံတကာမှာ Over the counter ဆေးမဟုတ်ရင် ဝယ်ရတာ တော်တော်ဒုက္ခရောက်တယ်။ အဲဒီတော့ ဝယ်ချင်ဘာလုပ်လဲဆိုရင် Bitcoin နဲ့ဝယ်ကြတယ်။ Credit card နဲ့ဝယ်တာ မဟုတ်တဲ့အတွက် FBI တို့ဘာတို့က နောက်ကြောင်းလိုက်ဖို့ မလွယ်ဘူး။ တရားမဝင်ပစ္စည်းတွေကို အွန်လိုင်းကဝယ်ချင်ရင် Bitcoin နဲ့ ဝယ်ကြတာများတယ်။ Bitcoin နဲ့ဆိုရင် အဲဒီပစ္စည်းတွေကို Amazon က ဝယ်သလိုမျိုးကို ဝယ်လို့ရတယ်။ Silk Road လိုမျိုး အွန်လိုင်း black market တွေ အများကြီးပဲ။ ဒါကလက်တွေ့မှာ Bitcoin ကို တစ်ခုတည်းသော အသုံးချနည်းပဲ။ ကျန်တာကတော့ ဈေးကျရင်ဝယ်ထားမယ်၊ ဈေးတက်ရင် ပြန်ရောင်းမယ်ဆိုပြီး ဝယ်ထားတဲ့သူတွေချည်းပဲ။ အခုနေစုထား ရောင်းရင်မြတ်နိုင်တယ်လို့ တွေးတဲ့သူများလေလေ Bitcoin ဈေးကတက်လေလေပဲ။ ကိုယ့်လိုအကြံတူတွေချည်းပဲ စုမိနေပြီးတော့ ဘယ်သူမှလည်း ပြန်မရောင်း၊ ဝယ်ရင်လည်း တက်ဈေးကြီးနဲ့ဖြစ်နေ၊ ရောင်းရအောင်ကလည်း နောက်ထပ်တက်သွားရင် ဘယ်လိုလုပ်မလဲဆိုပြီး ဖြစ်နေရင်းကနေ တစ်ခုခုကြောင့် ဈေးပြုတ်ကျတဲ့အချိန်မှာ အားလုံးက ဝိုင်းထုတ်တယ်ဆိုရင် ဗိုက်နာပြီး အကုန်ရောင်းရတော့ ဈေးပြုတ်ကျသွားတာပဲ။

.

အခုဆိုရင် ကျွန်တော် တောက်လျှောက်ပြောခဲ့တဲ့အထဲ ငွေကြေးတွေအကြောင်းပြောခဲ့တယ်၊ နောက်ဝှက်စာစနစ်အကြောင်းပြောတယ်၊ Crypto Currency အကြောင်းပြောခဲ့တယ်။ ကောင်းပြီ။ အဲဒါဆိုရင် အဓိကမေးခွန်းဖြစ်တဲ့၊ လူတိုင်းသိချင်နေမယ့် မေးခွန်းဖြစ်တဲ့ Bitcoin အပါအဝင် Crypto Currency တွေကို ရင်းနှီးမြှုပ်နှံမယ်၊ ဝယ်ထားမယ်ဆိုရင် ကိုက်ပါ့မလား၊ မြတ်နိုင်လားဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။ ဒါကို အဖြေပေးနိုင်ဖို့ ကြိုးစားကြည့်ပါမယ်။

.

ပထမဦးဆုံး လေ့လာသင့်တာက Bitcoin တွေ ဝယ်ထားပြီး ရောင်းမထွက်လို့ ပိုက်ဘောမိနေရင် ဘာလုပ်မလဲပေါ့။ ကျိန်းသေတာကတော့ ပြန်တက်မယ်။ အဲဒါကို ထိုင်စောင့်နိုင်လားပဲ။ Bitcoin ရဲ့ သဘောက တက်လိုက်ကျလိုက်ပဲ။ ထိုးတက်မယ်၊ ထိုးကျမယ်။ အီနေမယ်။ ပြန်ထိုးတက်မယ်၊ ပြန်ထိုးကျမယ်။ ဒါပဲ။ အဲဒီတော့ စာရင်းသေအပ်ငွေလို ပြန်မထုတ်စတမ်း ကိုင်ထားမယ်၊ လုံးဝတက်ပြီဆိုမှ၊ အခုလိုမျိုး တက်နေတယ်ဆိုမှ ပြန်ထုတ်နိုင်တယ်လို့ သေချာရင်တော့ ဝယ်ထားကောင်း၊ ထားနိုင်ပါတယ်။ ဒါပေမယ့် ဒါတောင်မှ ဘယ်အချိန်ပြန်ရောင်းသင့်တယ်ဆိုတာ ပြောဖို့ခက်တယ်။ ဥပမာ ကိုယ်က ၂၀၁၆၊ ၁၀လပိုင်းလောက်မှာ ဝယ်ထားတဲ့သူဆိုရင် အခုအချိန်ရောင်းသင့်ပြီ။ ဒါပေမယ့် သင်္ကြန်မတိုင်ခင်ကမှ ဝယ်ထားတဲ့သူဆိုရင်တော့ ကိုင်ထားမလား၊ လွှတ်မလားက Blackjack ဆော့ရင် ၁၇ လောက်ရထားတဲ့သူလိုပဲ။ အုံးခနဲပြုတ်ကျလို့ ၃၀၀ လောက်ဖြစ်သွားတယ်ဆိုရင်တော့ ပိုက်ဘောမိပြီပဲ။ အခုအချိန်မှ လွှတ်ဖို့လည်း မသင့်ဘူး။ ထပ်ဝယ်ရင်တောင် ဝယ်သင့်တယ်။ အဲဒီတော့ ရွှေတို့၊ ဒေါ်လာတို့လို ရုတ်တရက်ငွေလိုရင် ရောင်းရနိုင်တယ်၊ ရှိတန်ဆာ၊ မရှိဝမ်းစာဆိုတာမျိုး လုပ်လို့တော့ မရဘူး။

.

နောက်တစ်ခုက စာရင်းသေအပ်ငွေလိုလည်း သေချာတာ မဟုတ်ဘူး။ သေချာပေါက် တက်ကိုတက်ရမယ်လို့ အာမခံနိုင်ဘူး။ တခြားရွှေတို့၊ ဒေါ်လာတို့နဲ့ယှဉ်ရင် တက်နှုန်းက အခုအချိန်မှာမြန်နေပေမယ့်၊ တကယ်တမ်း ကိုယ်လက်တွေ့လုပ်တဲ့အခါ မြန်မယ်၊ မမြန်ဘူး။ အီနေမလာဆိုတာ မသိနိုင်ဘူး။ အဲဒီတော့ သေချာတဲ့ ရင်းနှီးမြှုပ်နှံမှု မဟုတ်ဘူး။

.

နောက်တစ်ခုက ဥပဒေနဲ့ မလွတ်ကင်းဘူး။ မြန်မာနိုင်ငံငွေကြေးဥပဒေအရ ဒီလိုငွေကြေးတွေကို အသိအမှတ်ပြုမထားဘူး။ တကယ်လို့ ကိုယ့်စက်ထဲမှာ Bitcoin mining software ရှိနေရင် ဖမ်းလို့ရတယ်။ အနည်းဆုံးတော့ တစ်ခုခုကြောင့် အလိမ်ခံရရင် ဆုံးပြီသာ မှတ်လိုက်တော့။ ဘယ်သူမှ လိုက်မရှင်းပေးဘူး။ ရှင်းပေးမယ့်သူလည်း မရှိဘူး။ ဘယ်မှလည်း တိုင်လို့ရမဘူး။ ကုန်ရင်ကုန်ပြီပဲ။

.

Bitcoin လိမ်လည်မှုတွေ၊ Bitcoin service ပေးတဲ့ ကုမ္ပဏီတွေ hack လုပ်ခံရလို့ ငွေတွေပါကုန်တာတွေ၊ အများကြီးဖြစ်ဖူးတယ်။ အခုလိုဈေးတက်နေတဲ့အချိန် ပိုဖြစ်နိုင်တယ်။ ကဲဗျာ၊ ခင်ဗျားက ကျွန်တော့်ဆီမှာ bitcoin စာရင်းဖွင့်ထားတယ်။ ကျွန်တော်က အဲဒါတွေပျောက်သွားပါပြီ။ ပြန်လျော်ပေးပါမယ်။ ခဏစောင့်ပါဦးလို့ပြောမယ်ပေါ့။ ခင်ဗျားပျောက်သွားတာက အခုလို တက်ဈေးမှာပျောက်တာလေ။ ခင်ဗျားကို ကျွန်တော်ပြန်မလျော်ဘူးမဟုတ်ဘူး။ ပြန်လျော်မယ်။ ဒါပေမယ့် Bitcoin တွေ ဈေးကျနေတဲ့အချိန်မှာ ပြန်လျော်မယ်။ ဒါမျိုးတွေ အကြိမ်ကြိမ်ဖြစ်ဖူးတယ်။ ဒေါ်လာတွေ သန်းနဲ့ချီပြီးပျောက်တာတွေ အများကြီးဖြစ်ဖူးတယ်။ အဲဒါကြောင့် စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှု မဟုတ်ဘူး။ ဥပဒေရဲ့အကာအကွယ်လည်း မရနိုင်ဘူး။ ရဲတိုင်လို့လည်း မရဘူး။ တရားစွဲလို့လည်း မရဘူး။

.

နောက်ပိုဆိုးတာက Bitcoin ကို MLM နဲ့ပေါင်းပြီး လုပ်စားဂွင်တွေ ထွင်ကြတာ။ ခဏခဏဖြစ်တယ်။ အထင်ရှားဆုံးက Bitcoin Savings and Trust ဆိုတဲ့ ကုမ္ပဏီက ၂၀၁၂ မှာ ဖြစ်သွားတာပဲ။ ဒေါ်လာ ၅.၆ သန်းလောက် အလိမ်ခံလိုက်ရတယ်။ FBI က အမှုစစ်နေတယ်။ Bitcoin က စိတ်မချရတဲ့အထဲ MLM လို ငရဲအိုးနှုတ်ခမ်းပတ်ပြေးတဲ့ စီးပွားရေးနဲ့ ပေါင်းလိုက်တော့ ဂိတ်ဆုံးသွားတာပဲ။ Bitcoin သည် လိမ်လည်မှုမဟုတ်ဘူး။ အင်မတန်စွန့်စားရတဲ့ ရင်းနှီးမြှုပ်နှံမှု။ Multi-level marketing သည် လိမ်လည်မှုမဟုတ်ဘူး။ ဒါပေမယ့် အင်မတန် ညံ့ဖျင်းတဲ့ စီးပွားရေးစနစ်ကို မက်လုံးတွေနဲ့ ဖုံးကွယ်ထားပြီး လူအထင်ကြီးအောင် လျှောက်လုပ်နေတဲ့ စီးပွားရေးစနစ်။ အဲဒီမှာမှ MLM စစ်စစ်မဟုတ်ပဲ Ponzi scheme ဆိုရင်တော့ ပြီးရော။ MLM တိုင်းကို Ponzi လို့ မစွပ်စွဲချင်ပေမယ့်၊ မြန်မာပြည်မှာ လုပ်နေသမျှ MLM လုပ်ငန်းတိုင်းက Ponzi လို့ ပြောရလောက်အောင်ကို ရာနှုန်းကများနေတာ။ ပစ္စည်းတွေဝယ်ခိုင်းတာကို ရင်းနှီးမြှုပ်နှံမှု၊ လူတွေထပ်ဆွယ်နိုင်ရင် မင်းချမ်းသာပြီ။ ဟိုဘက်ဒီဘက် AB လိုင်းတွေခွဲပြီး ပြနေပြီဆိုရင် အဲဒါကျိမ်းသေသလောက်ရှိတယ်။ လိမ်ပြီပဲ။ ၁ နှစ်အတွင်း သိန်း ၂၀၀၀ တွေဘာတွေပြောနေပြီဆိုရင် အဲဒါကျိန်းသေပြီ လိမ်ပြီပဲ။ MLM စစ်စစ်နဲ့ တကယ်အလုပ်လုပ်တာဟာ ပုံမှန်သူများဆီမှာ ကုမ္ပဏီဝင်လုပ်တာရဲ့ ၁၀ ပုံ ၁ ပုံတောင် ဝင်ငွေမရဘူး။

.

နောက်တစ်ခုက Bitcoin သည် နည်းပညာအခြေခံပဲ။ ဘယ်နည်းပညာမှ ပြီးပြည့်စုံတယ်လို့ မရှိဘူး။ လိုအပ်ချက်ရှိတာချည်းပဲ။ ၂၀၁၀ တုန်းက Bitcoin မှာ နည်းပညာပြဿနာ အကြီးကြီးတက်ဖူးတယ်။ အနာဂတ်မှာရော အဲဒီလိုမဖြစ်နိုင်ဘူးလားပေါ့။ နောက်တစ်ခုက Bitcoin သည် Block ပုစ္ဆာတွေရဲ့ ခက်ခဲမှုကို အခြေခံထားတာ။ လက်ရှိနည်းပညာအရ ဒီအခက်အခဲတွေကို မဖြေရှင်းနိုင်သေးဘူးဆိုပေမယ့် အနာဂတ်မှာ Block တွေက ဘယ်လောက်ပဲခက်ခက် လွယ်လွယ်လေး ဖြေရှင်းနိုင်တဲ့ စနစ်ပေါ်လာတယ်၊ ဥပမာ ကွန်တမ်ကွန်ပျူတာလိုမျိုး၊ အဲဒါဆိုရင် ဘယ်လိုလုပ်မလဲ။ ဘာပဲဖြစ်ဖြစ် နည်းပညာကထွက်လာတဲ့ အရာတွေကို ဘဝပုံပြီးတော့ မယုံတာကောင်းတယ်။ အနည်းဆုံးတော့ လက်ရှိအချိန်အထိပေါ့။ ကွန်ပျူတာပေါ်တာ နှစ် ၃၀ လောက်ပဲ ရှိသေးတယ်။ ရွှေတွေ၊ ငွေတွေကို သုံးလာတာ နှစ်ပေါင်းထောင်နဲ့ချီနေပြီ။ ရေရှည်ရင်းနှီးမြှုပ်နှံဖို့ အဆင်သင့်ဖြစ်ပြီလို့ ကျွန်တော်တော့ မယူဆဘူး။

.

ဒါတွေက အခုလောလောဆယ်ပေါ်နေတဲ့ Bitcoin ရင်းနှီးမြှုပ်နှံသူတွေနဲ့အတွက်ပါပဲ။ အစိုးရတစ်ရပ်အနေနဲ့၊ ဘဏ္ဍာရေးအဖွဲ့အစည်းအနေနဲ့၊ ဥပဒေပြုရေးအဖွဲ့တွေအနေနဲ့ စဉ်းစားရမှာတွေ အများကြီးကျန်ပါသေးတယ်။ ဒါတွေကို သေချာဥပဒေနဲ့ အညီဖြစ်အောင် လုပ်နိုင်ဖို့က အချိန်အများကြီး ယူရဦးမှာပါ။ ကျွန်တော်တို့ နိုင်ငံလို ဆင်းရဲတဲ့နိုင်ငံမျိုးအဖို့ ပိုကြာနိုင်ပါတယ်။ Bitcoin အကြောင်းပြန်ဆက်ရရင် ဈေးအတက်အကျ၊ အရမ်းကြမ်းလွန်းတာ၊ တက်ရင်ထိုးတက်လိုက်၊ ကျရင်ခွေးကျဝက်ကျပြုတ်ကျလိုက်နဲ့မို့ မရင်းနှီးသင့်တာက တစ်ကြောင်း၊ ရွှေတို့၊ ဒေါ်လာတို့လိုမှာ ဝယ်စုထားပြီး ရင်းနှီးမြှုပ်နှံတာလို ကိုယ်ငွေလိုလို့ ပြန်ရောင်းလည်း နည်းနည်းပဲရှုံးတဲ့ ပုံစံမျိုးမဟုတ်ပဲ၊ တက်ဈေးမှာဝယ်ထားပြီး ခွေးကျဝက်ကျပြန်ကျတဲ့အချိန်မှာ တကယ်လိုအပ်လို့ ပြန်ရောင်းရင် ခွေးလိုဝက်လိုရှုံးနိုင်တာ၊ ဥပဒေနဲ့ မညီတာ၊ ဥပဒေအရ အကာအကွယ်မရှိတာ၊ ကြားဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေက ခိုင်မာမှုမရှိတာ၊ နည်းပညာပိုင်း ချို့ယွင်းချက်တွေ ရှိနေတာ၊ နောက်ပြီးတော့ ဥပဒေပြင်ပက မှောင်ခိုဈေးကွက်တွေ၊ MLM လို မီးခိုးရောင်ဈေးကွက်တွေနဲ့ ဆက်နွယ်လွန်းနေတာတွေက ရင်းနှီးမြှုပ်နှံသူတွေအဖို့ လက်ရှောင်နေသင့်တဲ့ အချက်တွေပါပဲ။

.

နောက်ဆုံးအနေနဲ့ ကျွန်တော်အဖြစ်အပျက်ကလေး တစ်ခု ပြောချင်ပါတယ်။ အဲဒါဘာလဲဆိုတော့ သားအဖနှစ်ယောက် အမွေရတဲ့ မြို့ထဲတိုက်ခန်းလေးရောင်းပြီး သင်္ဘောလိုက်ကြတဲ့ ကိစ္စပါ။ မြို့ထဲတိုက်ခန်းလေးရောင်း၊ ရတဲ့ငွေလေးထဲက တစ်ဝက်လောက်ကို မြို့ပြင်ဆင်ခြေဖုံးမှာ တိုက်ခန်းလေးပြန်ဝယ်၊ ပိုတဲ့ငွေလေး အရင်းအနှီးလုပ်ပြီး သားအဖနှစ်ယောက် သင်္ဘောလိုက်ကြတာ။ ၅ နှစ်လောက်ရှိတော့ နှစ်ယောက်လုံး သင်္ဘောက နားလိုက်ချိန်မှာ အဲဒီမြို့ထဲတိုက်ခန်း ပြန်မဝယ်နိုင်တော့ဘူး။ သင်္ဘောလိုက်မယ့်အစား အဲဒီတိုက်ခန်းကိုငှား၊ ဆင်ခြေဖုံးမှာ တိုက်ခန်းပြန်ငှားပြီး ပိုတာလေး ခြစ်ကုတ်သုံးရင်တောင် အခုလောက် ဆုံးရှုံးမှုကြီးမှာ မဟုတ်ပါဘူး။ ရင်းနှီးမြှုပ်နှံတယ်ဆိုတာ အင်မတန် သတိထားရတာမျိုးပါ။ မခန့်မှန်းနိုင်တာတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။

.

Bitcoin သည် လိမ်လည်မှုတစ်ခုတော့ မဟုတ်ပါဘူး။ သူ့မှာအားသာချက်တွေ ရှိပါတယ်။ ဒါကိုလက်ခံရမှာပါ။ ဒါပေမယ့် အားသာချက်နဲ့ အားနည်းချက်ယှဉ်ရင် စွန့်စားရမှုက များနေတုန်းပါပဲ။ ကျန်တဲ့ crypto currency တွေကတော့ Bitcoin အောင်မြင်တယ်၊ စောစောဝင်လုပ်နိုင်ရင် ငွေနည်းနည်းနဲ့ coin တွေအများကြီး ရနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ လိုက်ထုတ်ကြတာတွေပါ။ Bitcoin နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ Litecoin တောင်မှ ဒီလောက်အောင်မြင်မှု မရှိပါဘူး။ MLM နဲ့ ပတ်သက်ပြီး ပြောရရင်လည်း MLM ကုမ္ပဏီတစ်ခုသည် ဘယ်လိုစည်းကမ်းတွေနဲ့ ညီရမယ်ဆိုတာကို ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်လို နိုင်ငံတွေမှာ သတ်မှတ်ထားပါတယ်။ ဒါတောင် အလိမ်ခံရတာတွေ ရှိတုန်းပါပဲ။ ဥပဒေကို လက်တစ်လုံးခြားလုပ်တာတွေ ရှိနေတာပါပဲ။ ခဏခဏလည်း အရေးယူနေရတာပါပဲ။ MLM သည် လူလိမ်လုပ်ငန်းမဟုတ်ဘူး။ ဒါပေမယ့် လူလိမ်လုပ်ငန်းနဲ့ ဟိုဘက်ဒီဘက် ကူးနေတဲ့ လုပ်ငန်းမျိုးလို့ ပြောလို့ရပါတယ်။ ဘယ်ဟာကလူလိမ်၊ ဘယ်ဟာက အစစ်အမှန်ဆိုတာ ခွဲဖို့အရမ်းခက်ပါတယ်။ ဘာလို့ကိုယ့်ဘဝကို လိမ်လည်မှုတွေပြည့်နေတဲ့ ဒီလုပ်ငန်းမျိုးမှာ ကုန်ဆုံးစေမှာလဲ၊ အချိန်ဖြုန်းမှာလဲပေါ့။ MLM စစ်တယ်ဆိုရင်တောင် တကယ်ကြိုးစားပမ်းစားလုပ်ဦးတော့ Level အမြင့်ကြီးတွေ (တစ်နိုင်ငံလုံးပေါင်းလို့ လူ ၂၀ မပြည့်တဲ့ ဟိုးအပေါ်က ဒိုင်းမွန်းတို့ဘာတို့တွေ) မဟုတ်ရင် စားလောက်အောင်ရဖို့တောင် မလွယ်ပါဘူး။

.

ဆောင်းပါးအစပိုင်းမှာရော၊ စောစောကရော ပြောခဲ့သလိုပဲ Bitcoin သည် လူလိမ်လုပ်ငန်းမဟုတ်ပါဘူး။ ကျန်တဲ့ crypto currency တွေသည် Bitcoin နာမည်ကြီးနေတာကို အခွင့်ကောင်းယူပြီး တစ်ပွဲစားကြံနေကြတာပါ။ ဒါပေမယ့် decentralized digital currency တွေသည် အလိမ်အညာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် SCoin၊ JCoin၊ Coinspace စသဖြင့် ဘာဆိုတာ တိတိကျကျ မသိရတဲ့ coin တွေ၊ ဘာနည်းပညာသုံးလို့ သုံးထားမှန်းမသိတဲ့ coin တွေသည် ၁၀၀ မှာ ၁၀၀ လုံး လိမ်တာတွေပါပဲ။ MLM ပုံစံမျိုး လူသစ်ဆွယ်ပါ။ coin တွေရမယ်၊ ဘာညာ ပြောလာပြီဆိုရင် ပိုဆိုးပါတယ်။ လိမ်ဖို့ ၁၀၀% သေချာနေပါပြီ။ တိတိကျကျ ရှိလား၊ ဥပဒေနဲ့ညီလားလို့ သိချင်ရင် ငွေချေးသက်သေခံလက်မှတ်ကြီးကြပ်ရေးကော်မရှင်ရုံးလိုမျိုး ဘဏ္ဍာရေးဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး စုံစမ်းပြီးမှ လုပ်သင့်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုချက်ရထားတယ်ဆိုတာမျိုးလောက်နဲ့ မလုံလောက်ပါဘူး။ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဆိုတာက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတစ်ဦးက မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံချင်တယ်ဆိုရင် သူသတ်မှတ်ထားတဲ့ အချက်တွေနဲ့ကိုက်ရင် ခွင့်ပြုလိုက်တာပါပဲ။ ငွေကြေးနဲ့ ပတ်သက်ပြီး ခိုင်မာမှုရှိတယ်၊ မရှိဘူး၊ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုတွေကို ပေးလို့ရတယ်၊ မရဘူး၊ ငွေစက္ကူအစားထိုး နည်းပညာတွေကို ဝန်ဆောင်မှုပေးနိုင် မပေးနိုင်၊ ရောင်းချနိုင်၊ မချနိုင်၊ အာမခံချက် ရှိ၊ မရှိဆိုတာတွေက ဘဏ္ဍာရေးဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေက ဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်။

.

အတိုးချုံးပြောရရင်တော့ Bitcoin လို crypto currency တွေမှာ ရင်းနှီးမြှုပ်နှံတာဟာ မြန်မာပြည်သူတွေ မလုပ်သင့်သေးတဲ့ ရင်းနှီးမြှုပ်နှံမှု တစ်ခုပါ။ လက်ထဲငွေ သိန်းဆယ်ဂဏန်းရှိရင် ရွှေပဲဖြစ်ဖြစ်၊ ဒေါ်လာဖြစ်ဖြစ် ဝယ်စုတာက ပိုကောင်းပါတယ်။ ဖြစ်နိုင်ရင် ရန်ကုန်နဲ့ ခပ်လှမ်းလှမ်းလောက်မှာ မြေဧကဝက်၊ တစ်ဧကလောက်ဝယ်ပြီး ကိုင်းကူးကိုင်းဆက်နည်းနဲ့ သီးနှံပင်မျိုးရောင်းတာ၊ မှိုစိုက်တာ၊ တိရိစ္ဆာန်အစာမြက်တွေစိုက်တာ၊ သဘာဝမြေသြဇာအတွက် ရေမှော်စိုက်တာတွေက စီးပွားရေးအရ ပိုကိုက်ပါတယ်။ ဒီထက်ပိုရှိတယ်ဆိုရင်တော့ မြေဝယ်ထားတာ၊ တိုက်ခန်းဝယ်ထားတာတွေက ပိုသေချာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေပါ။ လတ်တလောမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ကျဆင်းနေတာ၊ မြို့သစ်စီမံကိန်းတွေ၊ ကျူးကိစ္စတွေနဲ့ မငြိမ်မသက်တွေ ဖြစ်နေပြီး ဈေးကွက်အေးနေပေမယ့် ရေရှည်မှာ Real estate ဟာ မြန်မာပြည်ရဲ့ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုဈေးကွက်အဖြစ် ဆက်ပြီးရပ်တည်သွားပါလိမ့်မယ်။ လက်ရှိမှာ အထူးသဖြင့် ဒီ ၂၀၁၇ ဇွန်ဇူလိုင်လောက်မှာ Bitcoin ဟာ စံချိန်တင်ဈေးကောင်းနေတာမို့ ဆွယ်တဲ့သူတွေ များလာပါလိမ့်မယ်။ ရှေ့လည်း ပိုများလာဖို့ ရှိပါတယ်။ ဒါပေမယ့် လောဘနဲ့ ရင်းနှီးမြှုပ်နှံတာ၊ မစားရဝခမန်းတွေကို နားယောင်ပြီး ရင်းနှီးမြှုပ်နှံတာထက်၊ အချက်အလက်တွေကို သေချာလေ့လာပြီး၊ ကိုယ့်အတွက် အသုံးအဝင်ဆုံးဖြစ်မယ့်၊ နောင်ရေးစိတ်အေးရမယ့် ရင်းနှီးမြှုပ်နှံမှုမျိုးကို ရွေးချယ်ကြဖို့ တိုက်တွန်းချင်ပါတယ်။

.

အားလုံးကျန်းမာချမ်းသာကြပါစေ။

မောင်စည်သူ

ကူးယူဖော်ပြသည် ။

Post a Comment

0 Comments